မော်လမြိုင် ဒီဇင်ဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရာတွင် ကျေးရွာ(၈)ရွာမှာ အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်း (၈)ကြိမ်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းတည်ထောင်လိုသူ (၄၀) ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား ပေးအပ်ခဲ့ကာ လုပ်ငန်းများထူထောင်ပေးနိုင်ခဲ့သလို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာလည်း ကျေးရွာ(၁၁)ရွာမှာ အသက်မွေးဝမ်းကျောင်းနည်းပညာသင်တန်း (၁၁)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်မည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအနေနဲ့လည်း ရရှိထားသော နည်းပညာ၊ လုပ်ငန်းသုံးပစ္စည်းများကို ကောင်းစွာအသုံးချပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်လာစေဖို့ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)