နမ့်စန်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နမ့်စန်(တ) ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဆင့်ဆင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာသော တာဝန်ရှိသူအဆင့်ဆင့်က အခမ်းအနားကျင်းပမည့် နေ့ရက်၊ အချိန်၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြခန်းပြပွဲများ ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုချက်ရယူခဲ့ကြသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ခေါင်းအုန်းရိုက်၊ ချောတိုင်တက်နှင့် ပြေးခုန်ပစ် အားကစားများ ထည့်သွင်းကျင်းပ၍ ဌာနဆိုင်ရာအလိုက် အသိပညာပေးပြခန်းများနှင့် ဒေသထွက်ကုန် ပြခန်းများ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)