မိုင်းနောင် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်ကျောင်းများတွင် ကျောင်းအခြေပြု အဆုပ် တီဘီရှာဖွေရေး လှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၁၈) ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်တိုက်နယ်ဆေးရုံမှ တာဝန်ခံဒေါက်တာ ဝေယံစိုးနှင့်ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မိမိတို့မိသားစုအတွင်း တီဘီ ဆေးသောက်သုံး နေရသူများ ရှိ၊ မရှိ မေးမြန်းခြင်း၊ တီဘီရောဂါ သံသယလက္ခဏာများ ရှိ၊မရှိ စမ်းသပ်စစ်ဆေးခြင်း၊ တီဘီရောဂါသံသယ လက္ခဏာတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူ များရှိပါက တိုက်နယ်ပြည်သူ့ဆေးရုံတွင် သလိပ်စစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း (၆) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၃၃) ဦးအား အဆုပ် တီဘီရောဂါ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပေးကြောင်း သိရသည်။
မနန်း(မိုင်းနောင်)