ပင်လုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှူးဂုဏ်နန်းကင်ပူဘုရားကျောင်းဝန်းရှိ ဘုန်းကြီးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပင်လုံ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နန်းကင်ပူဘုရားကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက တက်ရောက်လာကြသော ဆရာတော်နှင့်သံဃာတော်များအား ရှိခိုးဦးချကာ ယနေ့ဟောပြောပွဲ ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်နှင့် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာ ဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပါသည်။ မြို့တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက တိုင်းရင်းဆေးပညာရပ်အကြောင်း၊ ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါ (၃) မျိုးကာကွယ်နည်း/ကုသနည်းများ၊ စားသုံးသင့်သည့် အစားအစာများ၊ ဆောင်ထားသင့်သည့်မိရိုး ဖလာဆေးအ​ကြောင်းများကို ဟောပြောပေးခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးမှ ယူဆောင်လာသော စာအုပ်စာစောင်များအား သံဃာတော်လေးများအား ဖတ်ရှုစေခဲ့ပြီး၊ ဖတ်ရှုပြီးသော သံဃာတော်လေးများမှ ပြန်လည်၍ဆွေးနွေး ပြောပြခဲ့ပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ရာ သံဃာတော်လေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)