နမ့်စန်(တ) ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီတွင် မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန်မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယဦးစီးမှူး ဦးကျော်ထွန်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြို့မစည်ပင်ဈေးတွင် ဈေးမီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေး ကြိုတင်ကာကွယ်ရေး စီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေးနှင့် ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင် မီးဘေးအန္တရာယ်အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားခဲ့ကာ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့မစည်ပင်သာယာဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ထွန်းတို့က မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)