ဟိုပုံးမြို့နယ် စအွန်ကျေးရွာ စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ဥရူတိုင်ထူမင်္ဂလာ အခမ်းအနားကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၈

နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထား ရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ဥရူတိုင်ထူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတွင် ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ စအွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာကြည့်တိုက်ကော်မတီ တာဝန်ရှိသူများက စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ဥရူတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဥရူတိုင်ထူမင်္ဂလာအခမ်းအနား ကျင်းပသည်။

အဆိုပါ စအွန်ကျေးရွာစာကြည့်တိုက်သည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသစ်ဆောက်လုပ်မည့် စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၁၅၀) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)  ငွေကျပ်သိန်း (၁၅၀)၊ စုစုပေါင်းငွေကျပ်သိန်း  (၃၀၀) ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး အလျား(၅၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့် ၁၂ ပေ တစ်ထပ်အုတ်ညှပ် အဆောက်အဦဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)