နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာ၌ ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်မှုကို သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် ယခုပေးအပ်သော တိရစ္ဆာန်များအား စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သီးထပ်သီးညှပ်များ စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား တိုးတက်မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျွဲ၊ နွား၊ ဝက်နှင့် ဆိတ်များ လွှဲပြောင်းသည့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာချင်းဆက်လမ်းအား နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စက်ယန္တရားများဖြင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာရှိ ငြိမ်းချမ်းသာအဆင့်မြင့်ဆန်စက်၊ ဆန်သန့်စင်စက်၊ စပါးအခြောက်ခံစက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်၍ အဆင့်မြင့်ဆန်စက်၊ ဆန်သန့်စင်စက်၊ စပါး အခြောက်ခံစက်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို  လှည့်လည်ကြည့်ရှုပြီး ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)