အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ သင်ကြားပို့ချ

အမရပူရ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်နှင့် အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများကို သိရှိနားလည်စေရန်၊ သိသင့်သိထိုက်သည့် လူမှုရေးဆိုင်ရာဥပဒေ ဗဟုသုတများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်စေရန်နှင့် လူမှုရေးကိစ္စရပ်များတွင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်တတ်စေရန်၊ ပြစ်မှုဆိုင်ရာဥပဒေများ၏ သဘောတရားကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေပညာဌာနမှ ကြီးမှူး၍ ဥပဒေပညာအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်းနှင့် ဒီပလိုမာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အထူးပြုဘာသာရပ် (၂၈) ခုမှ ကျောင်းသား၊ ကျောင်းသူများအား နေ့စဉ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ပို့ချမှုတွင် ဥပဒေ၏သဘောသဘာဝများကို နားလည်သဘောပေါက်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊  ပြည်သူ့စစ်မှုထမ်းဥပဒေ စသည့် ဖော်ပြပါဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းသည့်သမိုင်းဖြစ်စဉ်၊ ဥပဒေပါစကားရပ်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ပြစ်ဒဏ်အမျိုးအစားများအကြောင်း၊ ကင်းလွတ်ချက်များ၊ ကာကွယ်ခုခံပိုင်ခွင့်၊ အားပေးကူညီမှု၊ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ တာဝန်နှင့် အခွင့်အရေးများနှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပို့ချမည်ဖြစ်သည်။

အဆိုပါ ဥပဒေပညာအကြောင်းသိကောင်းစရာ သင်ကြားပို့ချမှုကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများအတွင်း နေ့စဉ်နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)