ကျောက်ပန်းတောင်းမြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြော

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို၊ ဒီဇင်ဘာ(၁၈)ရက်နေ့ နံနက်(၉:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာ ကာကွယ်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ ဒေါ်နှင်းအိဝင်းက အစားသောက်များတွင် ပါဝင်သည့် ဆိုးဆေးများအန္တရာယ်နှင့်ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်းကိုယ်လည်းကောင်း ရှင်းလင်းဟောပြောကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းကြရာ၊ စားသုံးသူရေးရာ ကာကွယ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်၊ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်းနှင့် Grade-10 မှ တန်းပြဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)