ကျိုက်ထို ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက အမျိုးသမီးငယ်များ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပိုဝင်ငွေရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ အိမ်တွင်းလက်မှုပညာများကို တတ်မြောက်စေရန် စွမ်းရည်ပြည့်ဝသော နိုင်ငံ့သမီးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်ဒေါ်နှင်းလဲ့မူက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားကာလက်တွေ့ သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)