ပြင်ဦးလွင်မြို့ ပိန္နဲကုန်းကျေးရွာ အ.ထ.က(ခွဲ)တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာပီမိုးနင်း ရေးသားသည့် “တိုးတက်ရေးလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပိန္နဲကုန်းကျေးရွာ အ.ထ.က(ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထများ၊ အလေ့အကျင့်‌ကောင်းများရရှိစေရန်နှင့် နှလုံးသားလှပသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာပီမိုးနင်း ရေးသားသည့် “တိုးတက်ရေးလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပိန္နဲကုန်းအ.ထ.က (ခွဲ) မှ ကျောင်းသား/ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာကိုရွှေအောင်သင်းက စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)