စစ်တွေ ဒီဇင်ဘာ ၁၈
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဧကာဒသမတန်းနှင့်ဒွါဒသမတန်းဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကျင်းပရေး ဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အခြေခံပညာကျောင်းများမှာ ဥပဒေဘာသာရပ်သင်ကြားရန် လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာအထက်တန်းအဆင့်ဖြစ်သည့် Grade – 11 ဧကာဒသမတန်းနှင့် Grade – 12 ဒွါဒဿမတန်း ကျောင်းသား၊ ကျောင်းသူများ အခြေခံဥပဒေပညာကို နားလည်တတ်ကျွမ်းစေရန်အတွက် ဘာသာရပ် (၇) ခုကို အခြေခံပညာအထက်တန်းကျောင်းများမှာ ပို့ချသွားရန် စီမံခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းများသည် အခြေခံပညာကျောင်းများမှာ ဥပဒေပညာများ ပို့ချနိုင်သည့် ဆရာ၊ ဆရာမများဖြစ်အောင် ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးက (၁၀) ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကိုယ်တိုင် သင်တန်းဆရာအဖြစ် ပြန်လည်ပြသရမည်ဖြစ်၍ ဂရုတစိုက်အလေးထားသင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည်လည်း နောင်တစ်ချိန်တွင် မလွဲမသွေ နိုင်ငံတော်အတွက် အားထားရမည့်သူများ ဖြစ်လာမည်ဖြစ်သည့်အတွက် သိသင့်သိထိုက်သော ဥပဒေများကို သိရှိထားခြင်းအားဖြင့် မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ထိန်းသိမ်းနိုင်ကြမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်တိုင်လက်တွေ့ ဆရာတစ်ဦးအနေဖြင့် သင်ကြားပို့ချပေးရမည်ဖြစ်သည့်အတွက်ကြောင့် သင်တန်းတွင် ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းသို့ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများမှ ဆရာ၊ ဆရာမ (၇၅) ဦး တက်ရောက်ကြမည်ဖြစ်ပြီး စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဥဒေပညာရှင်များက စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအခမ်းအနားသည် နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အခမ်းအနားတွင် ရခိုင်ပြည်နယ်အား ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်လာစေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ စွမ်းစွမ်းတမံ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများကိုလည်း ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် သက်ကြီးအဘိုးအဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်ရိက္ခာနှင့် အင်အားဖြည့်အစားအသောက်များ ပေးအပ်ချီးမြှင့်ခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် အဓိကဦးဆောင်ကူညီပေးခဲ့ကြသည့် လူမှုရေးအဖွဲ့အစည်းများကို ဂုဏ်ပြုပေးစေလိုသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မိမိတို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးရေးနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာရေးကူညီမှုအသင်း (စစ်တွေ)၊ ဘိုးဘွားရိပ်သာစောင့်ရှောက်မှုအသင်း၊ ရွှေဂရုဏာဖောင်ဒေးရှင်းနှင့် အေဘီစီကလေးစောင့်ရှောက်ရေးအဖွဲ့ တို့အား ချီးမြှင့်ငွေကျပ်သိန်း (၅၀) စီကို ပေးအပ်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး နာရေးကူညီမှုအသင်း (စစ်တွေ) ဥက္ကဋ္ဌ၊ ဦးသန်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)