ကျိုင်းလပ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(နမ့်ဆီးအပေါ်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန် ရည်ရွယ်၍ “စာဖတ်ခြင်း အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေလေ့လာဖတ်ရှုစေရေး အသိပညာပေး ဟောပြောခဲ့သည်။
သို့ဖြစ်ပါ၍ ဤဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ သုတ၊ ရသစာအုပ်ပေါင်းစုံကို ခင်းကျင်းပြသခြင်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)