တံတား ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်ရေးသားသည့် “ကျန်းမာချမ်းသာ အောင်ဘယ်လိုလုပ်မလဲ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club)အဖွဲ့ဝင်မောင်ဇေယျာလင်းက “လူလတ်ပိုင်းအရွယ်ကျန်းမာရေး” စာအုပ်ဖြင့် စတင်ဆွေးနွေးရာတွင် ကျန်းမာရေးသည် အရွယ်တိုင်းအတွက်အရေးကြီးလှကြောင်း၊ လူလတ်ပိုင်းအရွယ်များမကျန်းမာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အဟန့်အတားဖြစ်ကြောင်း၊ ကျန်းမာရေးဗဟုသုတသည် လူလတ်ပိုင်းအရွယ်တွင် ရှာဖွေဖြည့်ဆည်းရမည့် ပညာဗဟုသုတများအကြောင်း၊ လူလတ်ပိုင်းအရွယ်သည် အစားအစာများလွန်လွန်ကျူးကျူး စားသုံးခြင်းကိုရှောင်ကြဉ်ခြင်း၊ အရက်သေစာများကို ဆင်ခြင်သောက်သုံးခြင်း၊ အားကစားလှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်း၊ အာဟာရမျှတစွာစားသုံးခြင်း၊ ဘာသာတရားလေးစားလိုက်နာခြင်း၊ ကျန်းမာရေးဗဟုသုတအား မိသားစုသို့မျှဝေနိုင်ခြင်း၊ စသောရှောင်ကြဉ်ရန်နှင့်လိုက်နာရမည့်အချက်အလက်များအား လိုက်နာခြင်းဖြင့်ကျန်းမာခြင်း၊ ချမ်းသာခြင်းသုခများအား ခံစားနိုင်မည်ဖြစ်ကြောင်း၊ လူတို့ ၏ကျန်းမာမှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါသောအခြေခံအပေါ်မူတည်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင်မဖူးပြည့်ခိုင်က “အသက်ဉာဏ်စောင့်”ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာ တတ်ရောက်လာကြသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလေးများမှ အပြန်အလှန်အတွေးအမြင်ဗဟုသုတများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ပန်ဆုပြည့်(ပြန်/ဆက်)