အလုံ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာရန်ကုန်ဘဆွေရေးသားသည့် “သေသော်မှတည့်သြော်ကောင်း၏” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကိုနှင့်အဖွဲ့ဝင်(၂) ဦးအောင်စိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးထင်ဇော်လတ်(တရားလွှတ်တော်ရှေ့နေ)က စာအုပ်တွင်ပါရှိသည့်အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာပေဝါသနာရှင်(Book Club) အဖွဲ့ဝင်တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင်(၂)ဦးအောင်စိုး၊ သတင်းစာဆရာများ၊ ပန်းချီ၊ ကာတွန်းနှင့် စာရေးဆရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ Book Club အဖွဲ့ဝင်များတက် ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ပြသခဲ့ကြောင်း သိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)