ဒဂုံအရှေ့ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အိမ်တွင်းမှုသက်မွေးသင်တန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ညိုညိုလေးနှင့် ဒေါ်ဝင်းဝင်းတို့က အိမ်တွင်းမှုသက်မွေးပညာဖြစ်သော ဖျာယက်လုပ်နည်း၊ ဖျာညှပ်နည်း၊ ခြင်းတောင်းပြုလုပ်နည်းများကို သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မာဂဓီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)