ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အနုပညာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်၊ အမျိုးသမီးများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စသည့်အကြောင်းအရာများ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ အရှေ့ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက "စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်" ခေါင်းစဉ်ဖြင့် မီးခိုးမြူငွေ့ဖြစ်စေသော အကြောင်းအရာများနှင့် ပျံ့လွင့်နိုင်မှုများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်သော အကြောင်းအရာများ၊ မီးခိုးမြူငွေ့များကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများနှင့် ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေမှုများ၊ မီးခိုးမြူငွေ့ထိန်းချုပ်လျှော့ချရေး ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်နိုင်မှုများကို ဟောပြောခြင်းနှင့် မမြင်နိုင်သော လူသတ်သမား PM2.5 အကြောင်းသိကောင်းစရာ အသိပညာပေးဗီဒီယိုပြသခြင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစုမှ "အမျိုးသမီးများနှင့် စွန့်ပစ်ပစ္စည်းစီမံခန်ခွဲမှု" ခေါင်းစဉ်ဖြင့် အမျိုးသမီးများနှင့် ပတ်ဝန်းကျင် နီးကပ်စွာတည်ရှိမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပလတ်စတစ်အသုံးအဆောင်ပစ္စည်းလျှော့ချရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုများ၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုလျှော့ချရေး ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း အသိပညာပေးဟောပြောခြင်း၊ အပြန်အလှန် မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြောင်း သိသည်။

နေမျိုးအောင်