ရန်ကင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကင်း ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ အထက်အဆင့်ဆင့်မှလမ်းညွှန်မှာကြားချက်များအား ဒုတိယဦးစီးမှူးဦးကျော်ရဲထွဋ်က ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအားလုံးမိမိရုံး၊ ဝန်ထမ်းများလုံခြုံရေး အထူးဂရုစိုက်ကြရန်၊ ရုံးတွင်းစာရွက်စာတမ်းများလုံခြုံရေး အထူးအလေးထားဖို့လိုကြောင်း၊ သေချာလုံခြုံစွာသိမ်းဆည်းဖို့လိုကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အထက်အဆင့်ဆင့်မှ လမ်းညွှန်ချက်များ အားဝန်ထမ်းများသိရှိနိုင်ရေး ပြန်လည်ချပြဆွေးနွေးရမည်ဖြစ်ကြောင်း၊ မိမိတို့ရုံးများတွင် လုံခြုံရေးကင်မရာ CCTV များ တပ်ဆင်ထားရန်မှာကြားထားပြီးဖြစ်သော်လည်း မတပ်ဆင်ရသေးသည့် ရုံးများရှိပါက အမြန်တပ်ဆင်ထားရန်၊ မကြာမီလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ယခုကာလအတွင်း မီးဘေးအန္တရာယ်နှိုဆော်ခြင်းများ၊ မီးသတ်ကားအရေးပေါ်အချက် ပေးဥသြဆွဲခြင်းများ၊ လူနာတင်ယာဉ်များ အရေးပေါ်ဥသြဆွဲခြင်းများ၊ မြို့ပတ်မီးရထားဥသြဆွဲခြင်းများ၊ ရပ်ကွက်အတွင်း အသံချဲ့စက်များကျယ်လောင်စွာ မဖွင့်ခြင်းကိုမပြုလုပ်စေရန်အတွက် သက်ဆိုင်ရာအလိုက်တာဝန်ယူဆောင်ရွက်ပေးကြရန်၊ လမ်းဘေးဝဲယာရှိ မိမိတို့ရုံးများ၊ အဆောက်အဦများအားရုံး ဥပတိရုပ်ကောင်းမွန်တင့်တယ်စေရန် ဆေးသုတ်ခြင်းများပြုလုပ်ထားကြရန်၊ ရုံးတွင်း၊ရုံးပြင်သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ထားကြရန်၊ စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးရေးစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးပြောကြခဲ့ကြပြီး အစည်းအဝေးအားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)