နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာ ကွင်းအမှတ် ၁၇၂၁ ကွင်း တောင်သူ ဦးစန်းလွင်၏ ရေကြီးနစ်မြှုပ် လယ်ယာမြေပေါ်တွင် ဆောင်းသီးနှံ မတ်ပဲ ငါးဧကစိုက်ခင်းအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေဩဇာများ ပက်ဖျန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်တွေ့ဆုံပြီး သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေးတို့ကို အလေးထားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားကာ တောင်သူများအား သွင်းအားစု ရွက်ဖျန်းမြေဩဇာရည်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာနှင့် သစ်စိမ့်ပင်ကျေးရွာအကြား ရေဆိုးထုတ်ပြွန် အလျား ၁၁၀ ပေ၊ အချင်း ၂ ဒဿမ ၅ ပေ၊ ကျောက်ခွက်စီလုပ်ငန်း ၇၅ ပေ × ၁၀ ပေ ဆောင်ရွက်ပြီးစီမှုနှင့် တူးမြောင်းဘောင်ပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာအနီး ကွင်းအမှတ် ၁၇၁၆ ကွင်းတွင် ပဲကြီးနှင့် နေကြာ သီးညှပ် သုံးဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်မှုအခြေအနေများကို ကြည့်ရှုစစ်ဆးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ကွင်းအမှတ် ၁၇၃၂ ရေကြီးနစ်မြှုပ်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများအား ရွက်ဖျန်းမြေဩဇာရည်များ ပက်ဖျန်းခြင်း သရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးဧရိယာများအတွင်း ပြန်လည်စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာ ထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား သွင်းအားစု ပိုးသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကွင်းအမှတ် ၁၇၃၂ ရေကြီး နစ်မြှုပ်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများအား ရွက်ဖျန်းမြေဩဇာရည်များ ပက်ဖျန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)