တိုက်ကြီး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မင်းရဲကျော်စွာ ရပ်ကွက် ရန်ကုန်-ပြည်လမ်းတွင် ဖွင့်လှစ် ထားသော ဦးမောင်ရုံး နှင့် ဒေါ်ရင် ဘိုးဘွားရိပ်သာတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ(၁၀)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယမန်နေ့တွင် ကျန်ရှိသူများအား ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာမှ ကျန်ရှိသော ရိပ်သာဝန်ထမ်းအမျိုးသမီး(၃)ဦး၊ အဘိုး(၈)ဦး နှင့်အဘွား(၁၀) ဦးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက RDT Tast Kit ဖြင့် ထပ်မံစစ်ဆေးရာ အဘိုး(၈)ဦးနှင့် အဘွား(၉)ဦး စုစုပေါင်း (၁၇)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
ဦးမောင်ရုံး နှင့် ဒေါ်ရင်ဘိုးဘွားရိပ်သာတွင် အဘိုး(၁၆)ဦး၊ အဘွား(၁၁) ဦး၊ ရိပ်သာမှူးအမျိုးသမီး(၁)ဦး၊ ဒုရိပ်သာမှူး အမျိုးသား (၁)ဦး နှင့် ရိပ်သာဝန်ထမ်းအမျိုးသမီး(၂)ဦး စုစုပေါင်း (၃၁)ဦးတို့ကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၇)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း (၃၅၄)ဦး ရှိပြီး သေဆုံးသူ (၇)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)