မော်လမြိုင် ဒီဇင်ဘာ ၁၈
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ရာ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ဒေသအလိုက် OROP ဒေသတစ်ခု ထုတ်ကုန်တစ်ခုအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ဝဥ၊ ပီလောပီနံ၊ ရော်ဘာ၊ ဝါးနှင့်ပြုလုပ်သည့်လုပ်ငန်းများ၊ ဆိုးဆေးဖြင့်ပြုလုပ်သည့် ချည်ထည်အဝတ်အစားများ၊ မွန်ရိုးရာပုဆိုးအား ဆန်းသစ်သောပုံစံများအပါအဝင် ပြည်တွင်းကုန်ကြမ်းသုံးသည့် ကုန်ပစ္စည်းများ၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ၊ စိုက်/မွေးအခြေခံထုတ်ကုန်များ၊ ပြည်ပပို့ကုန်ပစ္စည်းများ၊ OROP ထုတ်ကုန်ပစ္စည်းများအား ခင်းကျင်းပြသနိုင်ရေးနှင့် ပါဝင်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ် အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းညှိနှိုင်းဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်က ယခင်နှစ်ပြပွဲ၏ အားသာချက်၊ အားနည်းချက်များနှင့် ယခုနှစ်ပြပွဲတွင် ပါဝင်ပြသနိုင်ရေးသုံးသပ်အကြံပြုဆွေးနွေးတင်ပြပြီး မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့်ပတ်သက်သည်များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း ပါဝင်ယှဉ်ပြိုင် လျှောက်ထားလာသော အခြေခံပညာကျောင်း (၂၀) ကျောင်းကို အခြေခံပတ်ဝန်းကျင်ဘာဘာရပ်ဆရာများလက်စွဲ (Level- 1,2,3,4,5, Summary) စာအုပ်များနှင့် အမှိုက်ပုံးများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊အဆိုပါ ယှဉ်ပြိုင်လျှောက်ထားလာတဲ့ကျောင်းများကို ခရိုင်အလိုက် ခရိုင်အဆင့် ဆုစိစစ်ရွေးချယ်ရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးလုပ်ငန်းစီမံချက်ပါ သတ်မှတ်ထားတဲ့ အခြေခံစံနှုန်း (၄) ခုနဲ့ အညွှန်းကိန်း(၁၇)ချက်နှင့်အညီ အခြေခံပညာကျောင်းများမှာ လှုပ်ရှားဆောင်ရွက်ထားရှိမှု အခြေအနေများအား ကျောင်းတစ်ကျောင်းလျှင် (၃) ကြိမ်စီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်အပေါ်တန်ဖိုးထားသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ထူထောင်ရန်အတွက် အခြေခံပညာ ကျောင်းသား/ သူများ၊ လူငယ်များရဲ့အပြုအမူ၊ ဆောင်ရွက်မှုများဟာ များစွာအရေးကြီးတဲ့အတွက် Clean & Green School ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ မိဘ/ဆရာများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ရွေးချယ်ခံရတဲ့ ကျောင်းများအနေဖြင့်လည်း အမျိုးသားအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်ဖို့ အားထုတ်ရန်လိုအပ်ပြီး ကော်မတီဝင်ဌာနဆိုင်ရာများ ပူးပေါင်း၍ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဖြည့်စွက်အကြုံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ရွေးချယ်နိုင်ရေးဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အထက်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ၏ ရွေးချယ်ဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသမှုအား ကြည်ရှုအားပေးကြသည်။
ဆက်လက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)