နေပြည်တော် ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Cyclone Shelter နှင့်စပ်လျဉ်း၍ လိုအပ်ချက်နှင့် ဆောက်လုပ်ရန်လျာထားစာရင်း ပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက YINGXING မုန်တိုင်းအရှိန်ကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သည့် နယ်မြေဒေသအလိုက် သဘာဝဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေး အစီအမံများကို နိုင်ငံတော်၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်ရန်၊ ဝင်ဆံ့မည့် လူဦးရေအပေါ်မူတည်၍ Cyclone Shelter များ ဆောက်လုပ်ပေးလျက်ရှိရာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် ဒေသများအတွက် Cyclone Shelter များ ဆောက်လုပ်ပေးရေး အစီအမံများ ပြုစုထားရှိရန်လိုအပ်ကြောင်း၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးသီးနှံများနှင့် လယ်ယာမြေများ ပျက်စီးဆုံးရူံးမှုများဖြစ်ပေါ်ခဲ့ရာ ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အတွေ့အကြုံများယူကာ ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိရေး၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဧရိယာနှင့် ဘေးအန္တရာယ်ပြမြေပုံများ ရေးဆွဲထားရှိရန်လိုအပ်ကြောင်း၊ Cyclone Shelter များ ဆောက်လုပ်ရန် လျာထားချက်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်၊ စည်းစိမ်၊ အိုးအိမ်များကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များ ဖြည့်စွတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)