မြင်းခြံမြို့၌ ဆန်စပါးလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း (မြင်းခြံခရိုင်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် (၁) နာရီအချိန်က မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။

ထို့နောက် မြင်းခြံခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ-၁ ယာယီဥက္ကဋ္ဌ ဦးကျော်ရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်အောင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းစိုးက “စားနပ်ရိက္ခာကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး၊ သယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးနေမှုများ၊ ဆန်စပါးသိုလှောင်သူများအတွက် ဆန်အိတ် (၅၀၀) အထက်၊ စပါးအိတ် (၂၅၀၀)အထက် သိုလှောင်ရာတွင် သိုလှောင်ခွင့် မှတ်ပုံတင်ပြုလုပ်ရမည့်အကြောင်း၊ သိုလှောင်ခွင့် မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ ဆန်ရောင်းချသူများအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ဈေးနှုန်းများအတိုင်း ဆိုင်တွင်ဈေးနှုန်းများကပ်၍ စနစ်တကျ ရောင်းချရေး” ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဆန်စပါးလုပ်ရှင်များကလည်း မိမိတို့သိရှိလိုသည်များကိုမေးမြန်းရာ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)