ဝမ်းတွင်း ဒီဇင်ဘာ ၁၇
အခမ်းအနားတစ်ခု အောင်မြင်စွာပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အခမ်းအနားတစ်ခုတွင် အခမ်းအနားမှူး၏ အရေးပါပုံ၊ ပြောပုံ ဆိုပုံ၊ လေယူလေသိမ်း၊ အမူအယာ၊ ပြောဟန် ဆိုဟန် အစရှိသည့် အချက်များကို ရှင်းလင်းပို့ချခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်သန္တာသွင်က အခမ်းအနားမှူး တစ်ယောက်တွင်ရှိသင့်သည့် အချက်များ၊ အခမ်းအနားတစ်ခု အောင်မြင်စွာပြီးမြောက်ဖို့ အခမ်းအနားမှူးပေါ်မူတည်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များကို သင်ကြားပို့ချခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများက ဆရာ/ဆရာမများ တက်ရောက်ခဲ့ကာ သင်တန်းကာလ (၂)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)