ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၁၇

ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀) နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားများ၏ ကျန်းမာရေးနှင့် တီဘီရောဂါလက္ခဏာရှိမရှိ စစ်ဆေးပေးပြီး ရောဂါလက္ခဏာတွေ့ရှိသူများကို ကုသနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအခြေပြု တီဘီရောဂါစစ်ဆေးခြင်းလုပ်ငန်းကိုမန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၄) မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့မှစတင်ကာ မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်နေကြောင်း တိုင်းဦးစီးမှူးဒေါက်တာဝင်းနိုင်ထံမှ သိရသည်။

“ကျောင်းသားတွေမှာလည်း ကလေးတီဘီရှိနိုင်လို့ ကျောင်းလိုနေရာမျိုးအစုအဝေးနေရာမှာ တစ်ယောက်တီဘီရှိရင် ကျန်တဲ့သူတွေလည်းကူးနိုင်တဲ့အတွက်ကြောင့် ကျောင်းအခြေပြုတီဘီ ရောဂါရှာဖွေခြင်းလုပ်ငန်းနဲ့ကုသခြင်းလုပ်ငန်းကို ကျောင်းကျန်းမာရေးအနေဖြင့် တစ်ခါတည်း တပြိုင်တည်းလုပ်ဆောင်ခြင်းအားဖြင့် ရောဂါရှိရင်စောစောစီးစီးကုသနိုင်တယ်။ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယနေ့စတင်လုပ်ပါမယ်။ ကျောင်းအခြေပြု တီဘီရှာဖွေရေးကို ကျောင်းသားများအတွင်းမှာ တီဘီရောဂါလက္ခဏာရှိမရှိမေးကြည့်တယ်။ နှစ်ပတ်ကြာချောင်းဆိုးခြင်း၊ နှစ်ပတ်ကြာဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အကျိတ်ရှိခြင်း၊ စသည့် ရောဂါလက္ခဏာတစ်ခုရှိလျှင် ဓာတ်မှန်ရိုက်ပြီး သလိပ်ထွက်ပါက သလိပ်စစ်ခြင်းကို တစ်ခါတည်းဆောင်ရွက်သွားမှာပါ။ အဓိကတော့ လူကြီးတီဘီလို ကလေးတီဘီကို စောစောစီးစီးရှာပြီးစောစောစီးစီးကုနိုင်အောင် ကျောင်းကျန်းမာရေးစစ်ဆေးရင်းနဲ့ တီဘီရှိနေရင်လည်း စောစောကုနိုင်အောင်ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု၄င်းကပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မြို့နယ် ၂၄ မြို့နယ်တွင် အထက်တန်းကျောင်း ၆၂၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၄၉ ကျောင်း၊ မူလတန်းကျောင်း ၂၁၂၂ ကျောင်း၊ စုစုပေါင်း (၃၆၉၈) ကျောင်းကို  နွေရာသီကျောင်းပိတ်ရက်မတိုင်မီ အပြီးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)