အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်းဖွင့်လှစ်

မန္တလေး ဒီဇင်ဘာ ၁၇

အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်း(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဒုတိယဥပဒေအရာရှိ ဦးဧရာအောင်၊ ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းညွန့်၊ အောင်မြေသာစံခရိုင်နှင့် သပိတ်ကျင်းခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဥပဒေရေးရာသိကောင်းစရာများ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းဆရာများမှ သင်တန်းသား/သင်တန်းသူ ၆၀ ဦးအား ဥပဒေရေးရာနှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအား ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ပို့ချ‌သွားမည်ဖြစ်ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)