ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ကျောင်း” သီချင်းဖြင့် စတင်ဖျော်ဖြေပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူလေးများက ခေတ်(၅)ခေတ် ယိမ်းအကဖြင့်လည်းကောင်း၊ လက်ခတ်သံအကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်တို့ ကို ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ယခု‌နှစ်သင်တန်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ ပထမနှစ်ကျောင်းသား(၂၅)ဦးနှင့် ကျောင်းသူ(၇၆)ဦး စုစုပေါင်း (၁၀၁)ဦး တက်ရောက်ပညာသင်ကြားခွင့် ရရှိခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)