တာမွေမြို့နယ်ရှိ ရာပြည့်ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

တာမွေ   ဒီဇင်ဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရာပြည့်စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ(စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင်  လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တာမွေမြို့နယ်ရှိ ရာပြည့်စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်တွေ့ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများအပြင် စျေးရှိ စျေးသူ/ စျေးသားများနှင့် စျေးဝယ်လာရောက်ကြသူများအနေဖြင့် အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် တာမွေမြို့နယ်ရှိ ရာပြည့်စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် စျေးများအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊  နွေရာသီကာလ၌ အဆိုပါစျေးအတွင်း  မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ထက်အောင်လင်း(ပြန်/ဆက်)