သာစည်မြို့နယ် အ-ထ-က(ခွဲ)ရွာကြီး၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

သာစည် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက  ရွာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပိတောက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးသီတာအေးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်  မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ Grade-11 မှ မောင်ကောင်းထက်စံက လူငယ်နှင့်စာပေ၊ မသီရိရွှန်းလဲ့ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-10 မှ မောင်ဘုန်းတေဇာကျော်နှင့် မဆောင်းယုနိုင်တို့က လူငယ်နှင့်နည်းပညာ၊ Grade-9  မှ မအိပိုပိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ် တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာသည့် ကျောင်းသား/သူများက ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ဆရာ/မများနှင့်ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။  

အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)