ကော့မှူး ဒီဇင်ဘာ ၁၇
ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(နတ်စင်ကုန်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည်အတိုင်း စာအုပ်စာပေများ ချစ်မြတ်နိုးပြီး ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့ လာရောက်၍ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ပြီး အ.ထ.က(နတ်စင်ကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)