သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတွင် ဆွမ်းဆန်စိမ်းလောင်းလှူ

သာကေတ ဒီဇင်ဘာ ၁၇

သာကေတမြို့နယ် ကျက်သရေဆောင်ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္စျာယ်ကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိက အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၃ နာရီခွဲတွင် မြတ်စွာဘုရားအမှူးပြု၍ ရဟန္တာလေးပါး၊ စေတီတော်သြဝါဒါစရိယဆရာတော်များ၊ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့တက္ကသီလဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘနနှင့်အဖွဲ့ဝင်ဆရာတော်များအပါအဝင် သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော် ၂၇၈ ပါးနှင့် သီလရှင် ၂၂ ပါး စုစုပေါင်း ၃၀၀ ပါးအား ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ ဗိုလ်တထောင် ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စာရေးဆရာအသင်း၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆွမ်းဆန်စိမ်းနှင့် နဝကမ္မဝတ္ထုငွေ ကျပ် ၁၆၅ သိန်းကျော် လောင်းလှူခဲ့ကြသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)