မိတ္ထီလာ ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်ပင်ဆည်ကျေးရွာတွင် RBF စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မုန်ပင်ဆည်ကျေးရွာ၌ RBF စီမံကိန်းဖြင့် နိုင်ငံခြားမျိုး (ဖရီရှန်) နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက မုန်ပင်ဆည်ကျေးရွာ RBF စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
မုန်ပင်ဆည်ကျေးရွာ၌ RBF စီမံကိန်းဖြင့် အစုအဖွဲ့(၄)စုမှ သမဝါယမအစုအဖွဲ့ပုံစံဖြင့် နိုင်ငံခြားမျိုး(ဖရီရှန်) နို့စားနွားမွေးမြူခြင်းကို တစ်ဖွဲ့လျှင်(၃)ကောင်စီဖြင့် စုစုပေါင်း(၄)ဖွဲ့မှ (၁၂)ကောင် မွေးမြူထားကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)