ပျော်ဘွယ်မြို့နယ်တွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အမျိုးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းအတွက် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၇

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး  စီမံကိန်းအတွက် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀:၃၀) နာရီအချိန်က အုန်းပင်ကွေ့ကျေးရွာအုပ်စု၊ မင်းလှသာစည်ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လူငယ်များ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေရေးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းဆင်းပြီး သင်တန်းသားများအနေဖြင့် တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများအား မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်စေ၊ အသင်းအဖွဲ့အစည်း၊ အစုအဖွဲ့ဖြင့်ဖြစ်စေ အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းမှတ်ပုံတင်ပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း အမျိူးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းအတွက် စက်ချုပ်နည်းပညာ အခြေခံသင်တန်း(၁)လနှင့် မွမ်းမံသင်တန်း(၁၅)ရက်၊ စုစုပေါင်း(၄၅)ရက်ကြာ  စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပြီးနောက် သင်တန်းသား (၁၅)ဦးထဲမှ ကျေးရွာတွင် ဖွဲ့စည်းထားသော စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီမှ လက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား(၅)ဦးကို စိစစ်ရွေးချယ်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)