ဒေါပုံ ဒီဇင်ဘာ ၁၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က နွယ်အေးရပ်ကွက်အတွင်းရှိ ပြည်သူများထံ တစ်အိမ်တက်ဆင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုချောင်များတွင် ချက်ပြုတ်ရာ၌ သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၊ လောင်စာဖိုများကို စနစ်တကျသုံးစွဲမှု ရှိ၊ မရှိ၊ အိမ်အတွင်း သွယ်တန်းထားသည့် မီးကြိုးများ ပေါက်ပြဲမှု ရှိ၊ မရှိနှင့် သုံးစွဲသည့်လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ဝန်အား ခံနိုင်မှု ရှိ၊ မရှိ၊ မီးသတ်ဆေးဘူးများ သုံးစွဲမှုရှိ၊ မရှိနှင့် မီးချိတ်၊ မီးကပ်၊ သဲပုံများ ထားရှိမှု ရှိ၊ မရှိတို့ကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထူးထက်လင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)