ချောင်းဆုံမြို့နယ်၌ ကျောင်းအခြေပြုတီဘီရောဂါလူနာရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများမှ တီဘီရောဂါ လူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၁၆)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းတွင်  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၁၆၄)ဦးအား စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကာ ၊ သလိပ်စစ်ရန်(၁၅၃)ဦးနှင့် ဓါတ်မှတ်ရိုက် စစ်ဆေးရန်လိုအပ်သည့် (၉၆)ဦးတို့အား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၁၃)ကျောင်းတို့တွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)