(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဗဟန်း ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းလုထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စာရေးဆရာ၊ စာရေးဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Book Club ဥက္ကဋ္ဌ စာရေးဆရာ ဟိန်းဇေက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အတွင်းရေးမှူး စာရေးဆရာ ဦးမောင်သန်းဝင်း၊ စာရေးဆရာမများဖြစ်ကြသည့် ဆရာမတင့်တယ်ခင်၊ ဆရာမနန်းသင်းသင်းဝေ(ပျူပုတီး)၊ ဆရာမပေါက်ပေါက်၊ ဆရာမစိန်ဘုတ်ဆုံတို့က လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက အဆိုပါပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားသို့ ကြွရောက်လာကြသည့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးကို ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးခိုင်၊ အဖွဲ့ဝင် (၂) ဦးစိန်မြင့်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိတို့ကလည်းကောင်း၊ စာရေးဆရာမများနှင့် ဆရာမများကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားပြီးမြောက်ပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကြွရောက်လာကြသူများက ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြသထားသည့် နံရံကပ်စာစောင်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်များကို ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း (ပြန်/ဆက်)