ပင်းတယမြို့နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး”အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ကျုံးကျေးရွာသို့သွားရောက်၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က ကျေးလက်နေပြည်သူများအား လူသုံးကုန်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးအတွက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အသိပညာပေးပြောကြားပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)