တွံတေး ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် နို့စားနွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများအောင်မြင်စေရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ကွင်းဆင်းစည်းရုံး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါက်တာမင်းညွန့်ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးဒေါက်တာမောင်လင်း၊ တွံတေး၊ ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများက မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် နွားမေထုန်မဲ့သားစပ်ခြင်း၊ နို့စားနွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာများကို ဟောပြောပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော စီးပွားဖြစ်နို့စားနွားမွေးမြူရေးခြံ(၆)ခြံမှ နွားကောင်ရေ(၃၂၅)ကောင်၊ မွေးမြူသူ(၆)ဦးအပါအဝင် တစ်ပိုင်တစ်နိုင်မွေးမြူသူ(၁၅)ဦးတို့မှ သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်