တန်ဆောင်တိုင် ရုံးပိတ်ရက်တွင် ဒေသခံများက ပုဂံညောင်ဦးရှေးဟောင်းဇုန်ရှိဘုရားများအား ဆီမီးပူဇော်

ညောင်ဦး  နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ယမန်နေ့ ည ၆ နာရီခွဲ အချိန်မှ စတင်ကာ ပုဂံ-ညောင်ဦးဒေသခံများက ဆီမီး ပူဇော်ခဲ့ကြကြောင်း ဦးအောင်ခိုင် (ဒေသခံ)ထံကသိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများကို ဆီမီးပူဇော်ကြရာ ဓမ္မရံကြီး ဘုရားအပြင် ဘက်တွင် ဆီမီး ၂၅၀၀ ဆီမီးပူဇော်ခဲ့ကြပြီး ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့် စိုးမင်းကြီးအုတ်ကျောင်း ပတ်ဝန်းကျင်ဘုရားများ အပ္ပာယ်ရတနာ ပတ်ဝန်းကျင်ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိ ဘုရားများ၊ အနော်ရ ထာလမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရား များကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများက တန်ဆောင်မုန်းလပြည့်နေ့ အကြိုပူဇော်ခဲ့ကြကြောင်းသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော် ပြည့်၊ အာနန္ဒာ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး စူဠာမဏိ၊ ကျောက်ဂူဉမင်၊ ပြဿကြီးဘုရားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မုဒ်ဦး အဝင်ဝများမှ ပိတ်ထားခဲ့ကာ ဒေသခံများမှ ဘုရားကြီးများ အပြင်ဘက်မှ ဆီမီး ပူဇော်ခဲ့ကြောင်းသိရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ဘုရား၊စေတီ၊ ပုထိုး ၃၈၀၀ကျော် ရှိကြောင်း သိရကာ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ဆီမီးဆက် လက်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD