ပုဇွန်တောင် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ သုံးထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန်မြေအား မြေသန့်မင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄း၃၀ နာရီအချိန်က သုံးထပ်ဓမ္မာရုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်ကြီးအမှူးပြုသည့် ဩဝါဒဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်နှင့် ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်ပြီး ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အတွင်းရေးမှူး ရဲမှူးမင်းဟန်၊ ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းနှင့် အဖွဲ့ဝင်များ ၊ အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိထံမှ အနုမောဒနာရေစက်သွန်းချအမျှပေးတရားတော်ကို နာယူတော်မူကာ ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်