ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ပေါင် ဒီဇင်ဘာ ၁၇

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊ မင်္ဂလာဈေး၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမြတ်ကိုကိုက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါမီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်‌နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)