သထုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေဖော်ထုတ်ခြင်းကို ယမန်နေ့နံနက်မှစတင်ကာ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(လိပ်အင်း)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(သုဝဏ္ဏ)တို့ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀၀) ဦးခန့်အား တီဘီရောဂါသတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါစစ်ဆေးပေးခြင်းကို သထုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၂၂)ကျောင်း၊ အလယ်တန်းကျောင်း(၄၇)ကျောင်းနှင့် မူလတန်းကျောင်း(၁၁၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၈၃)ကျောင်းတို့၌ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)