မိုင်းဆတ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၁/၂၀၂၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်မီးသတ်စခန်းတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းအား သင်တန်းသား(၅၀)ဦးဖြင့် သင်တန်းကာလ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအားလွန်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းကြောင့် မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် မီးသတ်သူရဲကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မီးသတ်တပ်ဖွဲ့များဟာ မီးငြိမ်းသတ်ရေးလုပ်ငန်းများသာမက သဘာဝဘေးအန္တရာယ်အမျိုးမျိုးများ ကျရောက်လာသောအခါတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုပါ တိုးမြှင့်တာဝန်ယူထမ်းဆောင်လာရပါကြောင်း၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေ/ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ၏ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ကို ဦးထိပ်ထားပြီး "မြဲ(၃)မြဲ၊ မြန်(၃)မြန်၊ သင့်(၄)သင့်"ဖြစ်အောင် အမြဲတမ်းတပ်ဖွဲ့ထားရန်လိုအပ်ကြောင်း၊ ရှာဖွေ/ကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်အောင်လေ့ကျင့်ထားပြီး အောင်ပွဲဆင်နိုင်အောင် အပတ်တကုတ် လေ့လာဆည်းပူးသွားကြမှ "လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှအောင်ပွဲဆီသို့"ဆိုသော စကားအတိုင်း အမြဲလေ့ကျင့်နေမှ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်သောအခါမှာ ထိထိရောက်ရောက် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းများ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)