ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၇

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာဆန်းထွန်း ရေးသားသည့် ကိုယ့်ရင်ထဲကရှုမျှော်ခင်း စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော အိုင်ပီမျိုးအောင်၊ အောင်ဆွေထက်(ချွေးမြို့တော်)၊ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ကိုလင်း(အညာမြေ)၊ မောင်လေပြေ(တောင်တွင်း)၊ မောင်အောင်ဝေ(ညောင်ခြေထောက်)၊ လုံမငယ်(လူမှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာဆန်းထွန်းရေးသားသည့် ကိုယ့်ရင်ထဲကရှုမျှော်ခင်း စာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆက်လက်၍ စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပရာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌စေရေး၊ စာကြည့်တိုက်လုပ်ငန်းများအောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ စာကြည့်တိုက်ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)