တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများရိုးရာစုပေါင်း “ခါးထောင်းဖား” ပွဲတော်ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများ ရိုးရာစုပေါင်း “ခါးထောင်းဖား”ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီက ဝမ်ကောင်းရပ်ကွက်ရှိ ဇန်းမွန်အာခါဟိုတယ်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အာခါတိုင်းရင်းသားများသည် အာခါ “ဇန်း”ခေါ် ယုံကြည်ကိုးကွယ်မှု ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပြင် ထူးခြားသည့်ဝတ်စားဆင်ယှဉ်မှုကိုလည်း ယနေ့တိုင်ဖော်ထုတ် ထိန်းသိမ်းလျက်ရှိကြောင်း၊ ဘိုးဘေးတို့အားအောင်းမေ့ဂုဏ်ပြုသော ကောင်းသောအကျင့်နှင့်အတူ ပွဲတော်များအား ကျင်းပခြင်း ဖြင့် ထိန်းသိမ်းလာခဲ့ကြောင်း၊ “ခါးထောင်းဖါး” ပွဲတော်ကို စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် မိမိ၏ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက အာခါရိုးရာစုပေါင်း “ခါးထောင်းဖါး” ပွဲတော်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသားများရိုးရာစုပေါင်း “ခါးထောင်းဖား”ပွဲတော် အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အာခါတိုင်းရင်းသားမောင်မယ်များက ရိုးရာအကအလှတေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အာခါတိုင်းရင်းသားတို့သည် “ခါးထောင်းဖါး”ပွဲတော်ကို ရှေးပဝေဏသီကတည်းက မိသားစုအလိုက်၊ ရပ်ရွာအလိုက်နှင့် ဒေသအလိုက်သာကျင်းပခဲ့ကြပြီး ယခုအခါ အာခါတိုင်းရင်းသားညီကိုများ၏ စည်းလုံးညီညွတ်ခြင်းကို အခြေခံကာ အာခါတိုင်းရင်းသားများရိုးရာ စုပေါင်း“ခါးထောင်းဖါး” ပွဲတော်အဖြစ် ကျင်းပလာခဲ့သည်မှာ (၁၇)ကြိမ်မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)