ရန်ကုန်တိုင်းဒေသကြီး၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်သည့် ကျောင်းများအား ကွင်းဆင်းစစ်ဆေးနိုင်‌ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗဟန်း ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်သည့် ကျောင်း(၃၄)ကျောင်းအနက် ဆန်ကာတင်ရွေးချယ်မည့်ကျောင်းများအား နောက်ဆုံးအကြိမ်ကွင်းဆင်းစစ်ဆေးနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်သည်။

ဦးစွာသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့(၇)ဖွဲ့၏ ကွင်းဆင်းစစ်ဆေးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ ရှင်းလင်းတင်ပြချက်အပေါ် တက်ရောက်လာကြသော သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ နောက်ဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးသင့်သည့် အထက်တန်းအဆင့် ကျောင်း(၁၀)ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း(၄)ကျောင်း၊ မူလတန်းအဆင့်ကျောင်း(၆)ကျောင်း စုစုပေါင်းကျောင်း(၂၀)ကျောင်းအား ကွင်းဆင်းစစ်ဆေးနိုင်ရေးအတည်ပြုဆုံးဖြတ်ခဲ့ခြင်းနှင့် ကွင်းဆင်းစစ်ဆေးနိုင်မည့် နေရက်၊ အချိန်တို့အား သတ်မှတ်ခဲ့ကြသည်။

အစည်းအဝေးသို့ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)