စစ်တွေ ဒီဇင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင် ဦးဆောင်သောအဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ပြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဦးဆောင်သောအဖွဲ့သည် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကာ စေတီတော်အတွင်း လှည့်လည်ဖူးမြော်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင်တည်ထား ကိုးကွယ်ထားရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော် (၂) ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို လမ်းညွှန်မှာကြားကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ယင်းနောက် လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်း ဝင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမှုအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်အပါအဝင် တာဝန်ရှိသူများသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် နှစ်(၅၀)ပြည့်ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်အားပေးချီးမြှင့်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်(၅၀)ပြည့် ရွှေရတုရ ခိုင်ပြည်နယ်နေ့အခမ်းအနားနှင့်အတူ ဂုဏ်ပြုညစာစားပွဲကို အောင်အောင်မြင်မြင်ဖြင့် တက်ရောက်ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် အချိန် ကာလအတိုင်းအတာတစ်ခုတွင် ပြီးမြောက်ပြီး အေးချမ်းသာယာကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် မိမိတို့ ဌာန၏လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည့်အတွက်များစွာ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ယခုတွေ့ဆုံကြသော ပညာရေးမိသားစုဝန်ထမ်းများသည် ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် နိုင်ငံတော်၏အဓိကအရေးကြီးသော ပညာရေးလုပ်ငန်းစဉ်ကို တာဝန်ထမ်းဆောင်နေကြသည့်အတွက် အထူးလည်းဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးကို အထူးစေတနာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲက အမြဲပြောကြားသည့် စကားရှိကြောင်း၊ နိုင်ငံတော်တည်ဆောက်သည့်နေရာတွင် ပစ္စုပ္ပန်အတွက်ရော၊ အနာဂတ်အတွက်ရော အဓိကအခန်းကဏ္ဍမှာ ပညာရေးကဏ္ဍဖြစ်ကြောင်း ပြောကြားလျက်ရှိကြောင်း၊ ပညာရေးဌာနတွင် တာဝန်ထမ်းဆောင် နေကြသော မိမိတို့ဆရာ၊ ဆရာမများသည် အတတ်ပညာဆိုသည့် ဘာသာရပ်ကျွမ်းကျင်မှုအပြင် စိတ်ပိုင်းဆိုင်အတွေးအခေါ် အယူအဆမှန်ကန်အောင်သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ စာပေတတ်ပြီး ပညာတတ်များဖြစ်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏တာဝန်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလတွင် ယခုထက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေးကြစေ လိုကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် စေတနာ၊ မေတ္တာ၊ ဂရုဏာထားပြီး သင်ကြားပေးကြသော ဆရာ၊ ဆရာမကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း၊ ဆရာ၊ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံ့တာဝန် ကိုထမ်းဆောင်ကြသကဲ့သို့ မိမိတို့အသက်မွေးဝမ်းကျောင်းပညာဖြစ်သော မြင့်မြတ်သည့် ပညာသင်ကြားရေးလုပ်ငန်းကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် နိုင်ငံတော်စီမှုအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေကတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမှုအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေနှင့် အခြေခံစားကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)