ရန်ကုန် ဒီဇင်ဘာ ၁၆
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် သိကောင်းစရာများ၊ လွတ်လပ်ရေးအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်၊ စာဖတ်စွမ်းရည်၊ ပန်းချီဆေးရောင်ခြယ်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ ရသစာအုပ်များ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အသိပညာပေး နံရံကပ်စာစောင်နှင့် ဆေးလိပ်၊ ကွမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သူရိန်(ပြန်/ဆက်)