သံဖြူဇရပ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄)သင်တန်းဖွင့်ပွဲကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်၊ သဘာဝဘေးအလျောက်ဖြစ်ပွားတတ်သောဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန်ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်ရဲဘော်တို့ဟာ လူမှုရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း လက်တွေ့ဆောင်ရွက်နေသူများဖြစ်သည်နှင့်အညီ တပ်ဖွဲ့အသွင်ဖြင့်ဖွဲ့စည်းထားရှိပြီး စည်းကမ်းလိုက်နာတတ်မှု အမိန့်နာခံတတ်မှု စသည့်အလေ့အကျင်ကောင်းများနှင့်အတူ လူထုအသိုင်းအဝန်းတစ်ခုလုံး၏ အကျိုးကိုရှေးရှုဆောင်ရွက်တတ်သည့် အရည်အသွေးကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်သည် အများဆုံးဖြစ်ပြီး မီးသတ်လုပ်ငန်းများသည် တစ်ဦးချင်းဆောင်ရွက်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကျိုးမာန်တက်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ကြောင်းနှင့်သင်တန်းသားအ​နေနှင့် ယခုသင်တန်းပြီးဆုံးသွားသည့်အခါ မိမိတို့သင်ကြားထားသည်များကို လက်​တွေ့နယ်ပယ်တွင် ပြန်လည်အသုံးပြုနိုင်ရေးပြောကြားသည်။

ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသားများအား တူညီဝတ်စုံများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ကပေးအပ်ခဲ့ပြီး ယနေ့အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ(၁၆)ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၀)ရက်နေ့ထိ စာ​တွေ့လက်​တွေ့သင်တန်းဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)