မိုင်းစံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီးနောက် လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်အောက်မှ “ယနေ့လူငယ်များသည်လေ့လာ၍ မကုန်နိုင်သော ဘဝတက္ကသိုလ်ကြီးများဖြစ်သည့် စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ကြခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝအောင်မြင်ရေး၏ သော့ချက်ဖြစ်ကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူသည် အသွင်အားဖြင့် တူသော်လည်း တန်ဖိုးခြင်းအားဖြင့် ခြားနားသွားကြောင်း စသည့်အကြောင်းအရာများကို ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)